နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမိုင်းဝင်တရုတ်နိုင်ငံခရီးစဉ်    ပြီးဆုံး၍သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သြဂုတ် ၂၁ ရက် နံနက်တွင် ခေတ္တရောက်ရှိနေသည့် တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ရှီအန်းမြို့မှ လေကြောင်းဖြင့် ထွက်ခွာခဲ့ ပြီး တရုတ်စံတော်ချိန်နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ယူနန်ပြည်နယ် ကူမင်းမြို့သို့ရောက်ရှိခဲ့သည်။

ကူမင်းမြို့သို့ ရောက်ရှိစဉ် ယူနန်ပြည်နယ် တရုတ်ကွန်မြူနစ် ပါတီ အတွင်းရေးမှူး Mr.Li Jiheng ၊ ယူနန်ပြည်နယ်အုပ်ချုပ် ရေးမှူး Mr.Chen Hao တို့နှင့် ခေတ္တတည်းခိုသည့် The Best Yuechang Hotel ၌ တွေ့ဆုံခဲ့ သည်။

နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင် မြဲရေး၊ ပြည်သူများအကြား ပိုမို ရင်းနှီးစွာ ဆက်ဆံရေး၊ နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တ ရားဥပဒေစိုးမိုးရေးတို့အတွက် ပူး ပေါင်းဆောင်ရွက်ရေးတို့ကို ဆွေး နွေးခဲ့ကြသည်။ ထို့ပြင် ကဏ္ဍစုံ တွင် ပူးပေါင်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ ပါတီချင်း ပိုမိုရင်းနှီးစွာ ဆက်ဆံ ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးက အဆိုပါဟိုတယ်၌ နေ့လယ်စာဖြင့်ဧည့်ခံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ သည် မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းဖြင့် ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ မွန်းလွဲ ၂ နာရီခွဲတွင်ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တရုတ်သံရုံးမှ ကောင်စစ်ဝန် Mr. Chen Chen နှင့် တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တ ရုတ်နိုင်ငံသမ္မတ စီကျင်းပင်၊ တ ရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီး ချုပ် လီကီကျန်း၊ တရုတ်အမျိုး သားပြည်သူ့ကွန်ဂရက်အမြဲတမ်း ကော်မတီဥက္ကဋ္ဌ ကျန်းတဲ့ကျန်းတို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများအပြီး နှစ်နိုင်ငံ ကြား သဘောတူညီမှုများကို အ ချက် ၁၀ ချက်ပါဝင်သည့် ပူးတွဲ ကြေညာချက်အဖြစ် သြဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင် ငံအကြား ကွမ်းလုံတံတားတည် ဆောက်ရေး၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အဖြေတစ်ခုရှာဖွေ ရေး၊ တရုတ်နိုင်ငံက ရန်ကုန်နှင့် မန္တလေးမြို့များ၌ ဆေးရုံ နှစ်ရုံတည်ဆောက်ရေးတို့ သဘောတူ ညီခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံက မြန် မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အ ကူအညီပေးရေးသဘောတူခဲ့ပြီး မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစရှိသော ကဏ္ဍများဆောင်ရွက် ရန် အကူအညီအဖြစ် တရုတ်ငွေ ယွမ်သန်း ၁၀၀၀ (ကျပ် ၁၇၅ ဘီ လီယံကျော်) အကူအညီပေးလို ကြောင်း ကမ်းလှမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို နေပြည်တော်တွင် သြဂုတ် ၃၁ ရက်၌စတင်ကာ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလလယ်တွင် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရည်ညွှန်း – 7daydaily