စာတမ်းမိတ်ဆက်

ပီကင်းမြို့တော် ဆောင်းည၏ အအေးဒဏ်အောက်မှ နှစ်နိုင်ငံချစ်ကြည်ရေး၏ သမိုင်းခြေရာကောက်ရင်း အထောက်အထားခိုင်လုံစွာဖြင့် စကားဝိုင်းဖွဲ့ခဲ့ကြသည်။ ပီကင်းတက္ကသိုလ်မှ မြန်မာစာပါမောက္ခကြီး ဦးကျော်သိန်းနှင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများသည် ပီကင်းရောက် မြန်မာသံရုံးမှ သံအမတ်ကြီးဦးစီးသော သံရုံးအဖွဲ့ဝင်များနှင့်အတူ စကားဝိုင်းဖွဲ့နေခြင်းဖြစ်ပါသည်။ ရောက်တတ်ရာရာချစ်ကြည်ရေးစကားဝိုင်းမှ မြန်မာနိုင်ငံသမိုင်းအချက်အလက်များအကြောင်း၊ မြန်မာစာပေဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်များအကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး၏ ရင်းခံအချက်များအကြောင်း၊ မြန်မာ – တရုတ် နယ်နိမိတ် ထိစပ်နေသော ကီလိုမီတာ (၁၅၀၀)ခန့်ကို အခြေခံလျက် အိမ်နီးနားချင်းကောင်း ပီသစွာ ကျင့်ကြံ နေထိုင်ခဲ့ကျသည့် ရှေးမြန်မာကြီးများအကြောင်း ဆွေးနွေးကြရာမှ “ မြန်မာ – တရုတ်ချစ်ကြည်ရေး အစဉ်အလာနှင့် ထာဝစဉ်ပွင့်လင်းရှင်သန်ရေး “ ဟူသော စာတမ်းတစ်စောင် ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

ဆွေးနွေးမှုများသည် ပကတိအရှိတရားကို အခြေခံသည်။ ဘက်မလိုက်ဘဲ ရိုးသားမှုဖြင့် သမိုင်းဖြစ်စဉ်ကို တင်ပြသည်။ အတွေးအမြင်ဖလှယ်မှုကို အဓိကထားပြီး အနိုင်ရလိုမှုအတွက် ငြင်းခုံသည့် ပုံစံမျိုးမဟုတ်၊ အမှန်တရားကိုသာ လက်ခံသည်။ ရိုးသားသည့် လူသားဝါဒဖြင့် ဆွေးနွေကြသည်။ ပီကင်းတက္ကသိုလ် မြန်မာပါမောက္ခကြီး၏ ဆွေးနွေးမှုများသည် ရိုးသားဖြောင့်မတ်သည်။ မြန်မာ – တရုတ် ချစ်ကြည်ရေး ရေစီးကြောင်း၏ မြစ်ညာကိုလည်းကောင်း၊ မြစ်ဝကိုလည်းကောင်း သမိုင်းအထောက်အထား ခိုင်မာစွာဖြင့် တင်ပြသည်။ မြန်မာငံရုံးဘက်မှလည်း မြန်မာ့သမိုင်း၊ မြန်မာစာပေသမိုင်းနှင့် သာသနာဝင်ကျမ်းများနှင့် ညှိပြီးဆွေးနွေးသည်။ မြန်မာဘက်မှလည်း ဆွေးနွေးချက်များကို ပါမောက္ခကြီးဘက်မှလည်း လက်ခံဆွေးနွေးသော်လည်း အချို့အချက်အလက်များကို တရုတ်စာပေသမိုင်း၊ တရုတ်ဘာသာဗေဒ ဖော်ပြချက်နှင့် တရုတ်သမိုင်းပညာရှင်များ၏ ကိုးကားချက်များဖြင့် ဖြည့်စွက်တင်ပြခဲ့သည်ကို တွေရပါသည်။ ဆောင်းည၏ ပီကင်းသံရုံးဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေးချက်များမှာ ခိုင်မာအားကောင်းသည်။ ဤဆောင်းပါသည် သမိုင်းအထောင်အထားအရ ဖော်ပြချက်များကို စုစည်းဖော်ပြလိုက်ခြင်းဖြစ်ပါကြောင်း တင်ပြရသည်။

နိဒါန်း

မြန်မာ-တရုတ် နှစ်ပြည်ထောင်တို့သည် တောင်ချင်းဆက် မြစ်ချင်းသွယ်နေသော အိမ်းနီးချင်းနိုင်ငံများဖြစ်ပေသည်။ ရှေးပဝေသီကပင် ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ကုန်စည်ဖလှယ်မှုအရသော်လည်းကောင်း၊ နှစ်ပြည်ထောင်ပြည်သူပြည်သားတို့သည် အပြန်အလှန် ကူးလူးဆက်ဆံခဲ့ပေသည်။ ဤကဲ့သို့ အလွန်ရှေးကျသည့် ချစ်ကြည်ရေးအစဉ်အလာကို ယခုထက်တိုင် တရုတ်-မြန်မာ နှစ်ပြည်ထောင်တိုင်းသူပြည်သားများသည် သတိတရပြောဆိုလျက် ရှိကြပေသည်။မြန်မာပြည်သူပြည်သားတို့အနေဖြင့် မြန်မာပြည်တွင် အမြဲနေထိုင်လျက် လုပ်ကိုင်နေကြသော တရုတ်တိုင်းရင်းသားများအပေါ် “ဆွေမျိုးပေါက်ဖော် “ ဟူ၍ ခင်မင်ရင်းနှီးစွာ ခေါ်ဝေါ်ကြသကဲ့သို့ တရုတ်တိုင်းသူပြည်သားများကလည်း မြန်မာပြည်သူပြည်သားများအား မိမိ၏ “ချစ်ခင်သောဆွေမျိုး “ အဖြစ် သဘောထားလေသည်။ဤသည်တို့မှာ မြန်မာ-တရုတ် နှစ်ပြည်ထောင်ချင်း ထုံးတမ်းအစဉ်အလာချစ်ကြည်ရေးသက်တမ်းမှာ အတိုင်းထက် အလွန်ရှည်လျားနေသည်ကိုလည်းကောင်း၊ အခြားတိုင်းပြည်နှင့် မတူတမှုထူးခြားသော ချစ်မေတ္တာကိုလည်းကောင်း ကွက်ကွက်ကွင်းကွင်း သရုပ်ပေါ်စေလေသည်။

မာရှယ်ချင်ရီ၏ ချစ်ကြည်ရေးအမြင်

မြန်မာ-တရုတ် နှစ်ပြည်ထောင်တို့မှ ဘာသာဗေဒပညာရှင်နှင့် သမိုင်းပညာရှင်တို့၏ လက်တွေသုတေသနပြုချက်အရ လောလောဆယ်အားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံနယ်မြေတွင် အစဉ်အမြဲ နေထိုင်နေကြသော မြန်မာတိုင်းရင်းသားတို့သည်မွန်ဂိုအနွယ်ဝင်ဖြစ်ရာ တရုတ်ပြည်ရှိ ချင်ဟိုင်တိဗက်ကုန်းပြင်မြင့်ကြီးမှလည်းကောင်း၊ ယူနန်ကွီးချောင်းကုန်ပြင်မြင့်မှလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ရေကြည်ရာမြက်နုရာ  တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းဆင်းဆက်လာခဲ့ကြလေသည်။ ယခုချိန်တွင် တရုတ်-မြန်မာ နှင်ပြည်ထောင်တို့၏ နယ်စပ်ဒေသတွင် အစဉ်အမြဲနေထိုင်စားသောက်လုပ်ကိုင်နေကြသော နှစ်ပြည်ထောင်လူမျိုးစုတို့မှာ ဥပမာ တရုတ်ပြည်ရှိ ထိုင်းလူမျိုးနှင့် မြန်မာပြည်ရှိ ရှမ်းလူမျိုး၊ တရုတ်ပြည်ရှိ ဂျင်းဖောလူမျိုးတို့သည် မြန်မာပြည်ရှိ ကချင်လူမျိုး(သို့မဟုတ်) အခြားလူမျိုးအချင်းချင်းမှာ အနွယ်ဝင်လူမျိုးချင်း ဇစ်မြစ်တူနေကြသည့် အပြင် ၀တ်စားဆင်ယင်မှုတွင်လည်းကောင်း၊ နေထိုင်စားသောက်မှုတွင်လည်းကောင်း၊ ဘာသာစကားဖက်တွင်လည်းကောင်း၊ လုံးဝတူနေကြပေသည်။ ကီလိုမီတာပေါင်း(၂၀၀၀) ကျော်ကျော် ရှိနေသော တရုတ်-မြန်မာနှစ်ပြည်ထောင်နယ်စပ်ဒေသတွင် လူမျိုးစု (၁၀) ကျော်ကျော် ရောနှောနေထိုင်လျက်ရှိကြလေသည်။ ၄င်းတို့မှာ ချစ်ချစ်ခင်ခင် ၊ သင့်သင့်မြတ်မြတ် ပေါင်းသင်းဆက်ဆံကြသည်။ တစ်ဦးနှင့် တစ်ဦး ထိမ်းမြားလက်ထပ်ကြသည်ကို တွေ့ခဲ့ရသည်။ မာရှယ်ချင်ယီက တရုတ်-မြန်မာချစ်ကြည်ရေးနှင့် ပတ်သက်၍ ကဗျာတစ်ပုဒ် စပ်ဆိုခဲ့သည်။

“မြစ်ညာအစ၊ ဤဒေသတွင်

ကျွန်လျှင်နေ၍၊ အကြေမြစ်သာ

ထိုနေရာတွင်၊သင်ကနေ၏။

မြစ်တွေစီးဆင်း၊ တစ်မြစ်တွင်းမှ

ကြည်စွသည့်ရေ၊တူလေသောက်သုံး

ချစ်ကြင်အဆုံးမရှိပေ။

မြစ်ရေအလျင်၊ ထာဝစဉ်စီးသွား

မရပ်နားသရွေ့၊ ချိုမြိန်မွေ့စွာ

သောက်၍ချင်းချင်း၊ တူတူခံစားပြီး။

တို့အချင်းချင်း၊ အိမ်နီးချင်းဖြစ်

နှစ်ချိန်မြင့်ရှည်၊ စိမ်းစိမ်းရှင်လန်း

တောင်တန်းပမာ၊

ဇရာအိုမင်း၊ အလျင်းမရှိ

စီးဘိသွင်သွင်၊ ရေအလျင်လို့

အစဉ်ဆက်စပ်၊ မပြတ်တောက်ပေ

နယ်မြေဆက်စပ်၊ တောင်ချင်းကပ်၍

ပေါင်းစပ်ရေလည်၊ စီးမြဲစီး၏’’

 

နှစ်နိုင်ငံ ဆက်ဆံရေးအစ ပျူခေတ်က

မြန်မာ-တရုတ် နှစ်ပြည်ထောင်တို့ ကူးလူးဆက်ဆံမှုအကြောင့်ကို ဆန်းစစ်ရသော ခရစ်မပေါ်မီ နှစ်ရာစုနှစ်က စတင်ခဲ့ပြီးဖြစ်၏။ ယင်းအချိန်ကာလ၍ ရှေးမြန်မာအလယ်ပိုင်းဒေသတွင် တည်ထောင်ထားသော ပြည်မြို့မှာ တရုတ်ပြည်သမိုင်းစာတမ်းတွင် ပျူနိုင်ငံဟူ၍ ခေါ်ဝေါ်ခဲ့လေသည်။ မြန်မာနိုင်ငံသမိုင်းတွင် သရေခေတ္တရာပြည်ဟု ရေးသားတင်ပြထားခဲ့ပေသည်။ တရုတ်ဘုန်းတော်ကြီးအရှင် ယွှဲ(နဲ)ကျူ-အန် (Hsuang-chuang) ရေးသားပြုစုသော “ထန်မင်းဆက်လက်ထက် အိန္ဒိယခရီးမှတ်တမ်း”၌ ရီချာထန်ရိုပြည်ဟူ၍လည်း ခေါ်တွင်ခဲ့သည်။ “ရီနမ်ခရိုင် (ယခုခေတ် ဗီယက်နမ်ပြည်ရှိ ဟွေအန်နှင့် နီစပ်သည်) သို့တည်းမဟုတ် ရှိဝန် (ယခုခေတ် တရုတ်ပြည်ကွမ်တုန်ပြည်နယ် ရှီဝန်ခရိုင် အနောက်ဘက်တွင်တည်ရှိ၏) ဟိုဖူ (ယခုခေတ် တရုတ်ပြည်နယ် ဟူဖူခရိုင်အရှေ့ဖက်တွင် တည်ရှိ၏) စသည်တို့မှ ရေကြောင်းခရီးထွက်ခွာသွားရလျှင် (၅)လကြာသော် တူယန်ပြည် (Htayan) ရောက်နိုင်မည်။ ယင်းမှ ရက်(၂၀)ကြာသော် ဇန်လီပြည် (Syriam) ရောက်မည်။ ခြေကျင်ခရီး (၁၀)ရက်ကြာ ခရီးဆက်သွားလျှင် ဖူကန်တူလိုပြည် (Pukamtalawa) ရောက်နိုင်မည်။ လှေကြီးနှင့် (၂)လကျော်သွားသော် ဟွမ်ကျီပြည် (အိန္ဒိယပြည်တောင်ဘက်ရှိ၏) ဆိုက်ရောက်နိုင်မည်…”ဟူ၍ “ဟန်မင်းဆက်ခေတ် ပထဝီဝင်မှတ်တမ်း”၌ ရေးသားဖော်ပြထားလေသည်။ သူတေသီများ၏ စုံစမ်းလေ့လာချက်အရဆိုလျှင် ဇန်လီဟူသည် ယခုခေတ် မြန်မာနိုင်ငံတောင်ဘက်ရှိ မြို့ဟောင်းတစ်မြို့ဖြစ်၏။ ဖူကန်တူလိုပြည်ဟူသည် မြန်မာ့ရှေးဟောင်းမြို့တော်ဖြစ်သော တကောင်းမြို့အနီးတွင်ရှိ၏။ အီးလူမိုပြည်ဟူသည် ယခုခေတ်မြန်မာပြည်ရှိ သထုံဒေသတစ်ဝိုက်တွင် တည်ရှိ၏။ တရုတ်ပြည် ဟန်မင်းဆက် ဝူတီလက်ထက်က (ဘီစီ ၁၄၀-၈၇ ခုနှစ်) တရုတ်ကုန်သည်တို့သည် ပိုးထည်ပစ္စည်းများကို သယ်ဆောင်ပြီး သံလွင်မြစ်အတိုင်းလည်းကောင်း၊ ဧရာဝတီမြစ်အတိုင်း လည်းကောင်း မြန်မာပြည်သို့ သွားရောက်ကာ ရောင်းချခဲ့ကြလေသည်။ တရုတ်ပြည်အပြန်ခရီးတွင် မြန်မာပြည်ထွက် စဥ့်အုတ်ကြွတ်များနှင့် အခြားဆန်းကြယ်သော ကျောက်သံပတ္တမြားကို ဝယ်ယူလာခဲ့ကြလေသည်။ ခရစ်နှစ် (၂)ရာစု နှစ်ကာလဦးပိုင်းချိန်တွင် အနုပညာသည်များအဖွဲ့အား တရုတ်ပြည်ရှေးဟောင်လိုယန်မြို့တော်သို့ သွားရောက်ကပြရန် မြန်မာဘုရင်ကစေလွှတ်ခဲ့သည်။ ခရစ်နှစ် (၄)ရာစုနှစ်တွင် တရုတ်ပြည်ရှိ သဃာတော်အချို့သည် မြန်မာနိုင်ငံသို့ ကြွတော်မူပေသည်။

ထန်ခေတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ပေါင်းသင်းဆက်ဆံမှုမှာ များစွာတိုးတက်ကောင်းမွန်ခဲ့သည်။ ခရစ်နှစ် (၈၀၂)ခုနှစ်က ပျူမင်းသား သုနန္ဒ၊ အမတ်ကြီးကျကုဉ္စနှင့် မဟာသေနတို့ ခေါင်းဆောင်သော ပျူအနုပညာအဖွဲ့သည် ပျူနိုင်ငံမြို့တော် သရေခေတ္တရာမှ ထွက်ခွာပြီး ထန်မင်းဆက် နေပြည်တော် ချန်အန်သို့ လာရောက်တင်ဆက် ကပြခဲ့ကြလေသည်။ နာမည်ကျော် ကဗျာစာဆိုကြီးဖြစ်သူ ပေါ်ကျူယိသည် ပျူဂီတအကအဖွဲ့၏ အကနှင့် တေးဂီတတင်ဆက်ကပြမှုကို ရှုစားပြီးနောက် စာကြောင်းရေ (၃၄)ကြောင်းပါသော ကဗျာတစ်ပုဒ်ကို စပ်ဆိုခဲ့ကြသည်။ ပေါ်ကျူယိက သူ့ကဗျာတွင် ပျူဂီတအကအဖွဲ့၏ ပြောင်မြောက်ကျွမ်းကျင်မှုကိုလည်းကောင်း၊ နားဝင်ချိုလှသော တေးဂီတအသံကိုလည်းကောင်း ချီးကျူးစပ်ဆိုခဲ့သည်။ ယင်းကဗျာမှာ တရုတ်ဘာသာစကားအရေးအသားဖြင့် ရေးသားစပ်ဆိုခဲ့ရာ အောက်ပါအတိုင်း မြန်မာဘာသာအဖြစ် ပြန်ဆိုတင်ပြအပ်ပါသည်။

“ခရုသင်းကို တစ်ချက်မှုတ်လိုက်လေသော်

ဦးထိပ်သျှောင်ထုံးက တုန်ခါနေ၍

ကြေးဖြင့်ပြီးသော စည်ကြီးကို

အချက်ပေါင်းများစွာ တီးခတ် လိုက်လေသော်

ထိုးကွင်းထိုးထားသည့် ကိုယ်လက်အင်္ဂါက

လှုပ်ရှားလာလေသည်။

ဦးထိပ်တွင် ပန်ဆင်ထားသည့်

ပုလဲကုံး သို့မဟုတ် ကျောက်မျက်လုံးသည်

တောက်ပြောင်နေ၍

ကြယ်တာရာများ လှုပ်နေဘိသကဲ့သို့ပင်။

ဆင်ယင်ထားသည့်

ပန်းကုန်းများသည်လည်း လှုပ်ရှားလျက်

မြွှေနဂါးများ တွားသွားလှုပ်ရှားနေဘိသကဲ့သို့ပင်။”

ယင်းကဗျာကို ဖတ်ရှုခြင်းအားဖြင့် ပျူခေတ်ကာလတွင် ရှေးမြန်မာနိုင်ငံ၏ တေးဂီတနှင့် အကပညာအဆင့်အတန်းမှာ အတော်အတန်မြင့်မားခဲ့ကြောင်း ထင်ထင်ရှားရှားဖော်ပြထားလေသည်။ ယခုထက်တိုင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တေးဂီတဖက်တွင်လည်းကောင်း၊ တူရိယာဖက်တွင်လည်းကောင်း၊ နှစ်နိုင်ငံအနုပညာဖလှယ်မှုကြောင့် နီးစပ်ခဲ့ကြောင်း များစွာရှာဖွေတွေ့ရှိနိုင်ပေသည်။

ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု

၁၂ ရာစုနှစ်တွင် မြန်မာပြည် ပုဂံခေတ် ရှင်ဘုရင်မှာလည်း တရုတ်ပြည်မြောက်ပိုင်း ဆုန်မင်းဆက်ခေတ် (ခရစ်သက္ကရာဇ် ၉၆၀ မှ ၁၁၂၇ ခုနှစ်အထိ) မြို့တော်ဖြစ်သော ပြိုင်လျန်မြို့နှင့် တောင်ပိုင်းဆုန်မင်းဆက်ခေတ် (ခရစ်သက္ကရာဇ် ၁၁၂၇ မှ ၁၂၇၉ ခုနှစ်အထိ) မြို့တော်ဖြစ်သော လင်အန်မြို့သို့ သွားရောက်ဆက်သွယ်ရန် သံတမန်များအား ရှေ့ဆင့်နောက်ဆင့် စေလွှတ်ခဲ့လေသည်။ ယင်းနောက်တွင် မြန်မာနိုင်ငံအင်းဝခေတ်နှင့် တရုတ်နိုင်ငံ မင်းခေတ်၌လည်းကောင်း၊ မြန်မာနိုင်ငံ တောင်ငူခေတ်နှင့် တရုတ်နိုင်ငံ ချင်းခေတ်၌လည်းကောင်း၊ ကုန်သွယ်ရေးဆက်ဆံမှုများ၊ ယဉ်ကျေးမှုဖလှယ်ရေးအပြန်အလှန် ပြုလုပ်ခဲ့ကြပေသည်။ အထူးသဖြင့် (၁၃) ရာစုနှစ်တွင် မြန်မာနိုင်ငံအစိုးရသည် ကျောက်စိမ်းများကို ကြီးကြီးကျယ်ကျယ် တူးဖော်နိုင်ရန်လည်းကောင်း၊ တူးဖော်ခြင်းအတတ်ပညာ သင်ကြားပို့ချစေရန်လည်းကောင်း၊ တရုတ်ပြည်မှ ကျောက်စိမ်းတူးဖော်ခြင်းတွင် ကျွမ်းကျင်သော အလုပ်သမားများအား ဖိတ်ခေါ်သွားခဲ့လေသည်။ ယင်းသို့ ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံကျောက်စိမ်းအထွက်နှုန်းမှာ ယခင်ကထက်များစွာ တိုးမြှင့်လာခဲ့လေသည်။ ၎င်းအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကိုလည်း တိုးတက်ဖြစ်ထွန်းလာစေခဲ့သည်။ တရုတ်ပြည် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ သွားရောက်သော ကုန်သည်ဦးရေမှာ များစွာတိုးလာပါသည်။ ၎င်းတို့သည် တရုတ်ပြည်မှ သံထည်ပစ္စည်း၊ ကြေးထည်ပစ္စည်း၊ ခဲမဖြူ စသည်တို့ကို မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်သွားခဲ့ရာ မြန်မာပြည်မှ ကျောက်စိမ်းကို အများအားဖြင့် ဝယ်ယူသယ်ဆောင်ပြန်လာကြပေသည်။ မြန်မာနိုင်ငံ ရှေးမြို့တော်ဖြစ်သော အမရပူရမြို့ဟောင်းတွင် တရုတ်ပုံစံရှေးဘုရားကျောင်းအချို့ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ယင်းဘုရားကျောင်းအတွင်း တရုတ်ကျောက်မျက်ရတနာကုန်သည် အမည်နှင့် တူးဖော်ရေး တရုတ်အလုပ်သမားအမည်များ စုစုပေါင်း (၅၀၀၀)ကျော်ကျော် ထွင်းထုထားခဲ့သည်ကို တွေ့ရှိရလေသည်။ ယင်းသမိုင်းကြောင်းကို ထောက်ရှုခြင်းအားဖြင့် ထိုစဉ်အခါက တရုတ်-မြန်မာနှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေး အခြေအနေများ မည်မျှဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို သိရှိနိုင်ရုံသာမက မြန်မာတိုင်းသူပြည်သားတို့အနေနှင့် မိမိတို့အားအကူအညီပေးခဲ့ကြသော ခင်မင်ရင်းနှီးသော တရုတ်အလုပ်သမားများအပေါ် ထာဝစဉ်မမေ့ပျောက်နိုင်သော ချစ်မေတ္တာကို သိသိသာသာ သရုပ်ဖော်ထားခဲ့လေသည်။

(၁၈)ရာစုနှစ် နောက်ပိုင်းကာလတွင် မြန်မာ-တရုတ် နှစ်ပြည်ထောင်တို့အကြောင်း ကုန်စည်ဖလှယ်ရေးဆက်ဆံမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့သည်ကို တွေ့ရှိရပေသည်။ တရုတ်ပြည်ရှိ သမိုင်းမှတ်တမ်းများအရ ပြောရလျှင် တရုတ်ပြည်ရှိ ယူနန်ပြည်နယ်မှ ကုန်သည်အမြောက်အများသည် မိမိတို့မွေးရပ်နယ်မြေမှ ထွက်ရှိသော ဒေသန္တရကုန်ပစ္စည်း၊ ပိုးထည်ပစ္စည်း၊ စက္ကူ၊ လက်ဖက်ခြောက်၊ သစ်သီးအမျိုးမျိုးနှင့် ကုန်ပစ္စည်းမျိုးစုံကို မြန်မာနေပြည်တော်ဖြစ်သော အင်းဝသို့သယ်ဆောင်ပြီး ရောင်းချခဲ့လေသည်။ တရုတ်ပြည်အပြန် ခရီးတွင် မြန်မာပြည်ထွက် ဝါဂွမ်း၊ ပိုးမျှစ်စိမ်း၊ ဆား၊ ငှက်မွှေး၊ ငှက်တောင်နှင့် ယွန်းထည်အမျိုးမျိုးကို ယူနန်ပြည်နယ်သို့ ဝယ်ယူပြီးသယ်ဆောင်လာခဲ့လေသည်။ မြန်မာပြည်တွင် အမြဲနေထိုင်ကြသော တရုတ်တိုင်းရင်းသားတို့အနေနှင့် အင်းဝမြို့ဟောင်းအပြင် ဗန်းမော်မြို့အစရှိသည့် ဒေသတို့၌လည်း အရောင်းအဝယ်လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။ နှစ်ပြည်ထောင် ကူးသန်းရောင်းဝယ်ရေး တိုးတက်ဖြစ်ထွန်းလာသည်နှင့်အမျှ တရုတ်ပြည်မှကုန်သည်အချို့သည် မြန်မာ့နယ်မြေအတွင်း အစဉ်အမြဲ အခြေစိုက်နေထိုင်ခဲ့ကြသည်။ ဥပမာပြောရလျှင် ၁၈၃၅ခုနှစ်တုန်းက ဗန်းမော်မြို့တစ်ဝိုက်၌ အိုးအိမ်ပေါင်းနှစ်ထောင်ကျော်ကျော်အနက် တရုတ်လူမျိုးအိုးအိမ်ပေါင်း နှစ်ရာကျော်ကျော် ရှိခဲ့သည်ဟု ခန့်မှန်းရသည်။ ထိုစဉ်အခါမှစ၍ ရေကြောင်းခရီးနှင့် မြန်မာပြည်သို့ သွားရောက်သော တရုတ်တိုင်းသူပြည်သားများ တစ်နှစ်ထက်တစ်နှစ် များပြားလာခဲ့သည်ဟူ၍ သမိုင်းမှတ်တမ်းများအရ ရေးသားတင်ပြထားလေသည်။

အထက်တွင် ဖော်ပြထားသော အကြောင်းများကြောင့် ရှေးခေတ်အခါကာလတွင် နှစ်ပြည်ထောင်တို့မှာ ဤသို့ကြိမ်ဖန်များစွာ အပြန်အလှန်သွားလာခဲ့ကြခြင်းအားဖြင့် နှစ်ပြည်ထောင်တို့အကြား စီးပွားရေးဖက်တွင်လည်းကောင်း၊ ယဉ်ကျေးမှုဖက်တွင်လည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် ကူးလူးဆက်ဆံခဲ့ကြကြောင်း တွေ့ရပါသည်။

(၁၉)ရာစုနှစ် နောက်ဆုံးပိုင်းအချိန်ကာလ၌ မြန်မာနိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့တို့၏ သြဇာခံနိုင်ငံအဖြစ်သို့ ကျရောက်ပြီးနောက် တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံတို့၏ ကျူးကျော်မှုနှင့် လွှမ်းမိုးဖိနှိပ်မှုကို မြန်မာနိုင်ငံကဲ့သို့ အလားတူ ခံစားနေခဲ့ရသဖြင့် မြန်မာ-တရုတ် နှစ်ပြည်ထောင်ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုအား ထိခိုက်စေခဲ့လေသည်။ သို့သော်လည်း နှစ်ပြည်ထောင်ပြည်သူတို့အကြား လေးနက်သော အစဉ်အလာချစ်ကြည်ရေးသည် မည်သည့်နိုင်ငံခြားကျူးကျော်မှုကမျှ အတားအဆီးပြုလုပ်နိုင်မည် မဟုတ်ချေ။ တရုတ်ပြည်တစ်ဝှမ်းလုံးရှိ တိုင်းသူပြည်သားများ ဂျပန်ကျူးကျော်ရေးဝါဒီများ ခုခံတိုက်ခိုက်သော မဟာစစ်ပွဲကြီးကာလအတွင်းတွင် မြန်မာနိုင်ငံမှ ဦးဘလွင်အမှူးပြုသော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်လည်းကောင်း၊ ဦးဘကလေးအမှူးပြုသော မြန်မာသတင်းစာဆရာ ကိုယ်စားလှယ်အဖွဲ့သည်လည်းကောင်း၊ တရုတ်ပြည်သို့ ရှေ့ဆင့်နောက်ဆင့် လာရောက်လည်ပတ်ခဲ့ကြရာ မြန်မာတိုင်းသူပြည်သားတို့အနေနှင့် ဂျပန်နယ်ချဲ့ဝါဒီတို့ကို ပြစ်တင်ရှုတ်ချမှုကိုလည်းကောင်း၊ ဂျပန်စစ်ဝါဒီများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေခဲ့ကြသော တရုတ်ပြည်သူပြည်သားများအပေါ် စာနာမှုနှင့်အားပေးထောက်ခံမှုကိုလည်းကောင်း ဖော်ပြခဲ့ကြသည်။ ထိုနည်းတူစွာပင် ဂျပန်နယ်ချဲ့ဝါဒီတို့ မြန်မာပြည်ဝင်ရောက်ကျူးကျော်ပြီး မြန်မာတိုင်းသူပြည်သားများအား ရက်စက်ကြမ်းကြုတ်စွာ စော်ကားလွှမ်းမိုးခဲ့ကြသည့် အချိန်ကာလပိုင်းတွင် တရုတ်ပြည်သူ ပြည်သားတို့သည်လည်း မြန်မာပြည်သူပြည်သားများ ဆင်နွှဲနေခဲ့ကြသော ဖက်စစ်ဝါဒီများကို ဆန့်ကျင်တိုက်ခိုက်သော စစ်ပွဲကြီးကို ဆန့်ကျင်ရန် အကူအညီနှင့် အားပေးထောက်ခံမှုများစွာ ပေးခဲ့ကြသည်။

လွတ်လပ်ရေးခေတ်နှင့် နှစ်နိုင်ငံဆက်ဆံရေး

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ ပြညထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်မှုရရှိပြီးသည့်နောက်တွင်လည်းကောင်း၊ ၁၉၄၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် တည်ထောင်ပြီးသည့်နောက်တွင်လည်းကောင်း၊ တရုတ်-မြန်မာ နှစ်ပြည်ထောင်တို့၏ ပေါင်းသင်းဆက်ဆံမှုမှာ မူလပုံမှန်အခြေသို့ ပြန်လည်ရောက်လာစေခဲ့လေသည်။ နှစ်ပြည်ထောင်မိတ်ဆွေအဖြစ် ဆက်ဆံမှုသည် မြန်မာ-တရုတ် နှစ်ပြည်ထောင် မိတ်ဆွေဖြစ်မှုအတွက် သစ်လွင်သော သမိုင်းအခန်းကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ်ပေးခြင်းပင်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို တရားဝင်အသိမှတ်ပြုရာတွင် အာရှတိုက်ရှိ နိုင်ငံအားလုံးအနက် မြန်မာနိုင်ငံသည် ပထမအစောဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၅၀ပြည့်နှစ်၊ ဇွန်လ (၈) ရက်နေ့တွင် တရုတ်-မြန်မာ နှစ်ပြည်ထောင်တို့သည် တရားဝင် သံတမန်ဆက်သွယ်ရေး ထားရှိခဲ့သည်။

တရုတ်ပြည်သစ်ကို တည်ထောင်ပြီးသည့်နောက် တရုတ်ပြည် ဗဟိုပြည်သူ့အစိုးရအနေနှင့် ငြိမ်းချမ်းသော နိုင်ငံခြားရေးပေါ်လစီကိုလည်းကောင်း၊ လူနေမှုစနစ်ချင်းမတူညီသော နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော မူကြီးကိုလည်းကောင်း၊ ကမ္ဘာသို့ အတိအလင်း ကြေငြာခဲ့ခြင်းပင် ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှာလည်း ငြိမ်းချမ်းသော ဘက်မလိုက်ဝါဒကို ကျင့်သုံးခဲ့ပေသည်။ သို့ဖြစ်၍ နှစ်ပြည်ထောင်တို့ ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းလာစေရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချထားခဲ့လေသည်။

၁၉၅၄ ခုနှစ်တွင် တရုတ်-မြန်မာနှစ်ပြည်ထောင်ဝန်ကြီးချုပ်တို့သည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်နှင့်အတူ ကမ္ဘာနှင့်အဝှမ်း နာမည်ကျော်ကြားလှသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို ကမ္ဘာသို့ ကြေငြာခဲ့ရာ နိုင်ငံအသီးသီးရှိ ပြည်သူ၊ပြည်သားတို့၏ လှိုက်လှိုက်လှဲလှဲကြိုဆိုထောက်ခံမှု ရရှိခဲ့သည့်အပြင် မြောက်မြားစွာသောနိုင်ငံတို့အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အတူတကွ လိုက်နာကျင့်သုံးသော မူကြီးဖြစ်ခဲ့ပေသည်။ ယင်းမူကြီး(၅)ချက်အရ တရုတ်နှင့် မြန်မာနှစ်နိုင်ငံတွင် လိုအပ်သည့် မြို့ကြီး၌ ကောင်စစ်ဝန်ရုံးများကို ဖွင့်လှစ်ရန် သဘောတူညီချက်ရရှိသည့်အပြင်၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ စာပို့နှင့် ကြေးနန်းဆက်သွယ်ရေးစသော သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် နှစ်နိုင်ငံတို့၏ ကူးသန်းရောင်းဝယ်ရေးအတွက်လည်းကောင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်းကောင်း များစွာတိုးတက်ကောင်းမွန်လာစေပြီး များစွာအကျိုးရှိစေသည်။ နှစ်ပြည်ထောင်တို့၏ “ပေါက်ဖော်” သဖွယ် ချစ်ကြည်ရေးကိုလည်း ပိုမို နက်ရှိုင်းလာစေခဲ့ပေသည်။

၁၉၆၀ပြည့်နှစ်ဟူသည် တရုတ်-မြန်မာ နှစ်ပြည်ထောင်တို့အတွက် နှစ်ထောင်းအားရဖွယ် မင်္ဂလာနှစ်ကြီးဖြစ်ပေသည်။ ယင်းနှစ်ဇန်နဝါရီလတွင် “မြန်မာ-တရုတ် ချစ်ကြည်ရေး တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရေး” နှင့် “မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာဆိုင်ရာ သဘောတူစာချုပ်” တို့ကို နှစ်နိုင်ငံ ဝန်ကြီးချုပ်တို့ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့လေသည်။ ယင်းနှစ် အောက်တိုဘာလ ၂ရက်နေ့တွင် “မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်”ကို နှစ်နိုင်ငံဝန်ကြီးချုပ်တို့က တည်ကြည်လေးနက်စွာ လက်မှတ်ရေးထိုးပြီးသည့်နောက် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရတို့ ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့လေသည်။ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့တွင် မြန်မာ-တရုတ် နယ်နိမိတ်စာချုပ် အတည်ပြုသည့် စာချွန်လွှာကို နှစ်နိုင်ငံဝန်ကြီးချုပ်တို့က ရန်ကုန်မြို့၌ လဲလှယ်ခဲ့ကြလေသည်။ ဤသို့ဖြင့် မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်သည် တရားဝင်အတည်ဖြစ်လာခဲ့သည်။ အဆိုပါ လုပ်ငန်းကြီးများ အောင်အောင်မြင်မြင် ပြုလုပ်ပြီးစီးသော အချိန်ကာလမှစ၍ နှစ်နိုင်ငံ ပြည်သူပြည်သားတို့သည် ထာဝစဉ်အေးချမ်းသာယာစွာ နေထိုင်နိုင်သော နယ်နိမိတ်ရရှိခဲ့လေသည်။ နှစ်ပြည်ထောင် တိုင်းသူပြည်သားတို့မှာ အဆိုပါ နယ်နိမိတ်ပြဿနာ ပြေလည်အောင် ဖြေရှင်းနိုင်သည့် အတွက် ပြောမပြနိုင်လောက်အောင်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် တရုတ်-မြန်မာ နယ်နိမိတ်စာချုပ် အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ၉ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း (၃၅၀) ကျော်က တရုတ်ပြည်သို့ လာရောက်လည်ပတ်ခဲ့ကြသည်။ ထိုနည်းတူစွာပင်၊ ၁၉၆၁ခုနှစ်၊ ဇန်နဝါရီလတွင် ဝန်ကြီးချုပ် ချူအင်လှိုင်း ဦးဆောင်သော တရုတ်ပြည်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ (ယင်းလက်အောက်ခံကိုယ်စားလှယ်အဖွဲ့ ၉ ဖွဲ့၊ အဖွဲ့ဝင်ဦးရေပေါင်း ၄၄၀ ကျော်ကျော်) တရုတ်-မြန်မာနယ်နိမိတ်စာချုပ် အတည်ပြုသည့်စာချွန်လွှာကို လဲလှယ်သည့် အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။ ယင်းတရုတ်ပြည်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကြီး လက်အောက်ရှိ ကိုယ်စားလှယ်အဖွဲ့ ၉ ဖွဲ့အနက် တရုတ်ပြည်ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ တရုတ်ပြည်ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ မေမြို့၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်၊ ပထူး စသည့်မြို့များကို သွားရောက်လည်ပတ်ကပြခဲ့သည်။ တရုတ်ပြည်မှ အနုပညာသည်တို့မှာ မိမိတို့၏ ပြောင်မြောက်ကျွမ်းကျင်သော တေးဂီတနှင့်အကများ ကပြဖျော်ဖြေခြင်းဖြင့် မြန်မာပြည်သူ ပြည်သားများအပေါ် တရုတ်တိုင်းသူပြည်သားများထားရှိသော ချစ်မေတ္တာ စေတနာကို ဆောင်ကြဉ်းလာခဲ့သည်ဟု ဆိုရပေသည်။ တရုတ်တိုင်းသူပြည်သားများအပေါ် မြန်မာပြည်သူပြည်သားများထားရှိသော ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သကြောင်းကိုလည်း ဆောင်ကြဉ်းခဲ့ပြီး ပြန်လာခဲ့ကြလေသည်။ တရုတ်ပြည်မှ အဆိုအက သုခုမအနုပညာသည်များ မြန်မာနိုင်ငံတော်၌ လည်ပတ်ကပြရာတွင် ရောက်လေရာအရပ်တိုင်း၌ ဒေသခံလူကြီးများနှင့် နယ်သူနယ်သားများ၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုနှင့် လိုလေသေးမရှိအောင် ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံပြုစုမှုတို့ကို ခံခဲ့ကြရလေသည်။ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၅၀ကျော် ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေးနှင့် မြန်မာပြည်သူပြည်သားတို့၏ မေတ္တာစေတနာ အခြင်းအရာများကို တရုတ်ယဉ်ကျေးမှုအဖွဲ့သည် ယနေ့တိုင်အောင် အမှတ်တရရှိနေသေးပေသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံတို့၏ ပေါင်းသင်းဆက်ဆံမှု တိုးတက်ကောင်းမွန်လာခဲ့သည့် အားလျော်စွာ နှစ်နိုင်ငံ နိုင်ငံရေးတွင်လည်းကောင်း၊ စီးပွားရေးတွင်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးတွင်လည်းကောင်း၊ ယဉ်ကျေးမှုတွင်လည်းကောင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဆက်ဆံမှု ပိုမို၍တိုးတက်ကောင်းမွန်လာခဲ့ပြီး ပိုမို၍လည်း များပြားကျယ်ပြန့်လာခဲ့လေသည်။ ၁၉၉၄ ခုနှစ်မှစ၍ မြန်မာ-တရုတ် နှစ်ပြည်ထောင်တို့၏ ကူးသန်းရောင်းဝယ်ရေး စုစုပေါင်းအရေအတွက်မှာ အလျင်အမြန် တိုးမြှင့်လာခဲ့သည်။ တစ်ချိန်တည်း၌ပင် နှစ်နိုင်ငံနယ်စပ်ဒေသ ရောင်းဝယ်ရေးအခြေအနေမှာလည်း နှစ်ထောင်းအားရဖွယ်ရာ ဖြစ်ခဲ့သည်။ အထူးဖော်ပြသင့်သော အချက်ကား နှစ်နိုင်ငံခေါင်းဆောင်တို့ ကြိမ်ဖန်များစွာ အပြန်အလှန် လာရောက်လည်ပတ်ခဲ့ကြရပြီး နှစ်နိုင်ငံအကြား နားလည်မှုနှင့် ယုံကြည်မှုသည် ဆထက်ထမ်းပိုး တိုးတက်လာခဲ့လေသည်။ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်ပြည်သို့ သွားရောက်လည်ပတ်ခဲ့သည့်နည်းတူ ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်ပြည်ဥက္ကဋ္ဌကြီး ကျန်စီမင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ လာရောက်လည်ပတ်ခဲ့လေသည်။ ဥက္ကဋ္ဌကြီး ကျန်စီမင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် ကြည့်ရှုရာတွင်  မြွက်ကြားခဲ့သည်မှာ-

“မြန်မာ-တရုတ် နှစ်ပြည်ထောင် သံတမန်ဆက်သွယ်ရေးထားရှိပြီးသော နှစ်ပေါင်း (၅၀) အတောအတွင်း နှစ်ပြည်ထောင် နိုင်ငံတကာဆက်ဆံရေးရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို လက်ကိုင်ကျင့်သုံးခဲ့သဖြင့် မြန်မာ-တရုတ်နှစ်ပြည်ထောင် ဆက်ဆံရေးမှာ နေ့စဉ်နှင့်အမျှ တိုးတက်ခိုင်မာလာခဲ့သည်ကို တွေ့ရလေသည်။ ၎င်းသည် နှစ်နိုင်ငံပြည်သူပြည်သားတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက အာရှဒေသအား အေးချမ်းလာစေရေးနှင့် တည်ငြိမ်လာစေရေးအတွက်လည်း အကျိုးသက်ရောက်မှု ဖြစ်ခဲ့လေသည်။”ဟု ဖြစ်သည်။

ယဉ်ကျေးမှုဖလှယ်ရေး

တရုတ်-မြန်မာနှစ်ပြည်ထောင်အကြား ယဉ်ကျေးမှုကူးလူးဆက်ဆံမှုမှာ နှစ်ပြည်ထောင်နယ်ပယ်အသီးသီး ကူးလူးဆက်ဆံမှုများအနက် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။ စာပေနှင့်အနုပညာမှာ လူသားတို့အား ထိခိုက်စွဲငြိနိုင်စေသော အနုပညာပုံရိပ်ဖြင့်လည်းကောင်း၊ လှပသိမ်မွေ့သော အရေးအသားနှင့် ဘာသာစကားအသုံးအနှုန်းတို့ဖြင့် လည်းကောင်း၊  လူသားထုအတွင်း မေတ္တာစေတနာများ အပြန်အလှန်ပြန့်နှံ့သွားစေသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံတို့သည်။ သံတမန်ဆက်သွယ်ရေးထားရှိပြီးသည့်နောက် နှစ်နိုင်ငံတို့ ယဉ်ကျေးမှု၊ အနုပညာ၊ ပညာရေး၊ ဘာသာရေး၊ စာပေ၊ ရုပ်ရှင်၊ အားကစား၊ ပန်းချီ၊ ရှေးဟောင်းအနုပညာစသည့် ကိုယ်စားလှယ်အဖွဲ့ အမျိုးမျိုးကို အပြန်အလှန် စေလွှတ်ပြီး ချစ်ကြည်ရေးဆိုင်ရာလုပ်ငန်းများနှင့် လှုပ်ရှားမှုအမျိုးမျိုးကိုလည်း အပြန်အလှန်ပြုလုပ်ခဲ့ကြလေသည်။ သုတေသီပါရဂူများနှင့် ပညာတော်သင်များ အပြန်အလှန်စေလွှတ်ခဲ့သည်။ စာအုပ်စာတမ်းများ အပြန်အလှန် လက်ဆောင်ပေးလှူခဲ့လေသည်။ မြောက်မြားစွာသော မြန်မာနာမည်ကျော်စာရေးဆရာနှင့် သုတေသီပညာရှင်များ တရုတ်ပြည်သို့ သွားရောက်လည်ပတ်ကြည့်ရှုအပြီး အပြန်တွင် စာအုပ်စာတမ်း ရေးသားပြုစုခြင်းဖြင့်လည်းကောင်း၊ ဟောပြောပွဲအမျိုးမျိုး ကျင်းပခြင်းဖြင့်လည်းကောင်း၊ တရုတ်ပြည်သစ်ထူထောင်ရေးလုပ်ငန်း အောင်မြင်မှုအကြောင်းကိုလည်းကောင်း၊ ရေးသားဖော်ပြခဲ့ကြလေသည်။ ဥပမာပြောရသော် ဒဂုန်တာရာ ရေးသားပြုစုသော “ဂန္ဓာလရာဇ်”၊ ရွှေဒုံးဘီအောင်၏ “ကိုယ်တွေ့တရုတ်ပြည်သစ်”၊ ရဲဘော်တင်မောင်၏ “ပြည်သူ့တရုတ်ပြည်”၊ ပန်းချီဆရာ ဦးအုန်းလွင်၏ “တရုတ်ပြည်ခရီးရက်(၄၀)”စသည့် စာအုပ်တို့သည် “တရုတ်တိုင်းသူပြည်သားများ ငြိမ်းချမ်းရေးလိုလိုလားလား ချစ်မြတ်နိုးခြင်း၊ တရုတ်ပြည်သစ်ထူထောင်ရေးလုပ်ငန်းကို အားကြိုးမာန်တက် တညီတညွှတ်တည်း ပါဝင်လုပ်ဆောင်နေသော ထက်သန်သည့်စိတ်နေစိတ်ထားများကို ပီပီပြင်ပြင်၊ အသက်ပါပါ ရေးသားဖော်ပြထားလေသည်။” ထို့ပြင် မြန်မာ့ပညာရှင်တို့အနေဖြင့်လည်း တရုတ်ပြည်၏ နာမည်ကျော်စာရေးဆရာကြီး လူရွှင့်ရေးသားသော “အကျူ၏ အတ္ထုပတ္တိ”၊ ခုန်ခြူနှင့် ယွမ်ကျင်ရေးသားသော “ပြည်သူ့သူရဲကောင်းများ”၊ ကိုမိုဂျိုရေးသားသော “ခြူရမ်”၊ မော်တွန်း ရေးသားသော “ညဥ့်နက်သန်းခေါင်”၊ ချောက်အီရေးသားသော “နေထွက်ခြင်း”၊ လောက်ရှေရေးသားသော “လက်ဖက်ရည်ဆိုင်”စသည့် ကမ္ဘာကျော်ဝတ္ထုများကို မြန်မာဘာသာအဖြစ် ဘာသာပြန်ဆိုခဲ့လေသည်။ တရုတ်ပြည်မှများပြားလှသော နာမည်ကျော်သုတေသီပညာရှင်များ၊ ပညာရေးပါရဂူများ၊ ကဗျာစာဆိုတော်များနှင့် နေရာဌာနအသီးသီးရှိ ပုဂ္ဂိုလ်ကြီးများဖြစ်သူ ယခင်တရုတ်ပြည်လုံးဆိုင်ရာ သိပ္ပံပညာနှင့် ကျွမ်းကျင်မှုအတတ်ပညာအသင်းကြီး ဥက္ကဋ္ဌ ခြူဖေရန်၊ ယခင် ပီကင်းတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ကျီရှန်လင်း၊ ယခင်ရှာမိန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဝမ်ရာနန်း၊ တရုတ်ပြည်နာမည်ကျော်ဂီတပညာရှင် ပါမောက္ခ အန်ပို၊ နာမည်ကျော် ဗုဒ္ဓဘာသာဝင် တရုတ်ပြည်လုံးဆိုင်ရာ ဗုဒ္ဓဘာသာအသင်းကြီး ဥက္ကဋ္ဌ ကျောက်ဖူခြူ စသည်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ လာရောက်လေ့လာခဲ့ကြလေသည်။ ၎င်းတို့သည် တရုတ်ပြည်သို့ ပြန်လည်ရောက်ရှိပြီးနောက် ကဗျာစပ်ဆိုခြင်းနှင့် ဟောပြောပွဲများ ကျင်းပခြင်းဖြင့် တရုတ်မြန်မာနှစ်ပြည်ထောင်အကြား ရှေးအခါက တည်ရှိဖြစ်ပေါ်လာခဲ့သော “ပေါက်ဖော်” အစဉ်အလာချစ်ကြည်ရေးကို စိတ်အားထက်သန်စွာဖြင့် ထုတ်ဖော်ရေးသားခဲ့ကြလေသည်။ လွန်ခဲ့သော နှစ်(၅၀)ကျော်အတောအတွင်း တရုတ်ပြည်ပညာရှင်များ သို့တည်းမဟုတ် တက္ကသိုလ်ကျောင်းဆရာများသည် မြန်မာပြည်နာမည်ကျော်ကြားသော ခေတ်သစ်စာပေဝတ္ထုကြီးများကိုလည်း တရုတ်ဘာသာအဖြစ် ပြန်ဆိုကြပြီး ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ဥပမာတင်ပြရလျှင် ဗန်းမော်တင်အောင်ရေးသားသော “ငသြ”၊ မောင်ထင်ရေးသားသော “ငဘ”၊ ဦးသိန်းဖေမြင့်ပြုစုသော “အရှေ့ကနေဝန်းထွက်သည့်ပမာ”၊ ဂျာနယ်ကျော်မမလေး ရေးသားသော “မုန်း၍မဟူ”၊ ဂျိမ်းလှကျော်ပြုစုသော “မောင်ရင်မောင် မမယ်မ”၊ ဗိုလ်ကြီးဘရှင်၏ “ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်း” နှင့် ချစ်ကြည်ရေးကြည်ညွှန့်ပြုစုသော “ခေတ်လေးခေတ် တရုတ်မြန်မာဆက်ဆံရေး” စသည်တို့ဖြစ်သည်။ တရုတ်ပြည်တွင် များလှသော သုတေသီပညာရှင်တို့မှာလည်း မြန်မာနိုင်ငံတော်အခြေခံအကြောင်းအရာ၊ သမိုင်း၊ စီးပွားရေး၊ စာပေ၊ လူမျိုးစု၊ ဗုဒ္ဓဘာသာနှင့် ဘာသာစကားနှင့်ပတ်သက်သော စာအုပ်စာတမ်းများကို အမြောက်အမြား ရေးသားပြုစုပြီး ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ၎င်းတို့အနက်… “မြန်မာပြည် သိကောင်းစရာအကြောင်းအရာ”၊ “မြန်မာစာပေသမိုင်း”၊ “မြန်မာနိုင်ငံသမိုင်း”၊ “တရုတ်-မြန်မာ နှစ်ပြည်ထောင်ဆက်ဆံရေး နှစ်ပေါင်း၂၀၀၀”၊ “မြန်မာ-တရုတ်အဘိဓာန်”၊ “တရုတ်-မြန်မာအဘိဓာန်”၊ “မြန်မာသဒ္ဒါ”၊ “ပင်ရင်းမြန်မာစာ”(၃)တွဲနှင့် “တရုတ်-မြန်မာဆက်ဆံရေးသမိုင်း”၊ စသည်တို့သည် ထင်ရှားလေသည်။

နိဂုံး

မြန်မာ-တရုတ် နှစ်ပြည်ထောင်အကြား ရှေးရိုးစဉ်လာချစ်ကြည်ရေးလုပ်ငန်းအား အဆက်မပြတ် တိုးပွားလာစေရန်အတွက်လည်းကောင်း၊ တရုတ်-မြန်မာ နှစ်ပြည်ထောင်တို့၏ နယ်ပယ်အသီးသီး၌ အပြန်အလှန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကို ဆက်လက်ပြီး အားသစ်သွန်းလောင်းပေးရန်အတွက်လည်းကောင်း၊ ပီကင်းတက္ကသိုလ် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ယူနန်ပြည်နယ်လူမျိုးစု သိပ္ပံကျောင်းတို့တွင် မြန်မာဘာသာစကား ကျွမ်းကျင်တတ်မြောက်အောင် မွေးမြူသင်ကြားပေးသော သင်တန်းများကို ဖွင့်လှစ်ထားလေသည်။ မြန်မာနိုင်ငံတွင်လည်း ရန်ကုန်နိုင်ငံခြားဘာသာ သိပ္ပံကျောင်းနှင့် မန္တလေးနိုင်ငံခြားဘာသာ သိပ္ပံကျောင်းတို့တွင် တရုတ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်အောင် မွေးမြူသင်ကြားပေးနေသော သင်တန်းတို့ကိုလည်း ဖွင့်လှစ်ပေးထားသည်။ နှစ်နိုင်ငံ နှစ်စဉ်ပညာတော်သင်များကို အပြန်အလှန်စေလွှတ်ခဲ့ပြီး ဘာသာစကားသင်ယူခဲ့ကြပါသည်။ လောလောဆယ်အားဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံမှ မြန်မာ-တရုတ်ဘာသာစကား သင်ယူလေ့လာနေကြသော လူငယ်ကျောင်းသူကျောင်းသားများမှာ မွန်မြတ်သော မြန်မာ-တရုတ် ချစ်ကြည်ရေးလုပ်ငန်းကို ဦးတည်ပြီး တက်ကြွှသောစိတ်ဓာတ်ဖြင့်  အပတ်တကုတ်ကြိုးကြိုးစားစား သင်ယူလေ့လာနေကြလေသည်။ ယင်းတို့မှာ ၂၁ရာစုနှစ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး သံတမန်ဆက်ခံသူများ ဖြစ်လာမည်မှာ မလွဲပေ။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတည်းဟူသော ကြီးလေးသည့် တာဝန်ကြီးကို သူတို့တတွေ၏ ပခုံးပေါ်သို့ ကျရောက်လာမည်ဖြစ်ပါသည်။ မြန်မာ-တရုတ် နှစ်ပြည်ထောင်ချစ်ကြည်ရေး ပန်းမာလာများ အစဉ်ထာဝရ ဝေဝေဆာဆာ ပွင့်လန်းပါစေဟု မေတ္တာဆုတောင်းပို့သလိုက်ပါသည်။

စာရေးသူ – စိန်ဝင်းအောင် (မန္တလေး)

ရည်ညွှန်း – မဟာတံတိုင်းကိုကျော်၍ မြင့်မြင့်ပျံ ဝေးဝေးပြေးနေသည့် တရုတ်ပြည်