မြန်မာလ (၁၂)လ ရှိသည့်အနက် ဝါဆိုလသည် စတုတ္ထမြောက်လဖြစ်သည်။ ဝါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့် မုတ်သုံရာသီကာလ အပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျက်ရှိသည်။

ဝါဆိုလ၏ ဆိုလိုရင်းမှာ ဝါသည် နေထိုင်ခြင်း၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ကြသည်။ မိုးတွင်း သုံးလပတ်လုံး ရဟန်းတော်များ သီတင်းသုံးရာကျောင်း၌ နေထိုင်ပါမည်ဟု  အဆိုပြုသောလကို ဝါဆိုလဟု ခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ဝါဆိုလကို ပုဂံခေတ်ဦးတွင် မယ်တာဟု ရေးသားအသုံးပြုခဲ့ကြသည်။ ပုဂံခေတ်နှောင်းပိုင်းတွင်  မယ်တာမှ နွေတာဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။  မယ်တာဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ မယ်သည် လယ်ယာ၊ မိုး၊ မြေကို ကိုယ်စားပြုပြီး၊ တာဆိုသည်မှာ တိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကို တိုင်းတာသောလဟုလည်း ဆိုနိုင်ပါသည်။ ဝါဆိုလ၏ ယေဘုယျ နေထွက်ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး နေဝင်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအနက် ဝါဆိုလသည် နေတာ အရှည်ဆုံးလဖြစ်သည်။

ဝါဆိလသည် မြန်မာလူမျိုးများအတွက် ဘာသာရေးနှင့် ဆက်နွှယ်သော အထွတ်အမြတ်ထားရာ လပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည်၌ ပဋိသန္ဓေတည်သည်မှာ ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။ နိမိတ်ကြီးလေးပါးကို မြင်၍ တောထွက်သည့်နေ့မှာလည်း ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသည့်နေ့မှာလည်း ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်းနှင်း၍ တန်ခိုးပြာဋိဟာပြသောနေ့မှာလည်း ဝါဆိုလပြည့်နေ့ပင်ဖြစ်ပါတော့သည်။ ထိုသို့ထူးခြားချက်များနှင့် ပြည့်စုံနေသောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေဖြင့် ဝါဆိုလပြည့်နေ့ကို အထွတ်အမြတ်ပြုကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းများလှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ဆင်နွှဲပြုလုပ်ကြပါသည်။ (ကျမ်းကိုး-မောင်ထင်၏ ၁၂လရာသီ)

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းဖြစ်ပြီး ဘုရားရှင်ဟောကြားသော ပါဠိတော်များတွင်မူ ဝါဆိုသင်္ကန်းကို ဝဿာဝါသိကသာဋိကလို့ ဖော်ပြထားပါသည်။ ပါဠိ အင်္ဂလိပ်အဘိဓါန်မှာတော့ A cloak for usein the rainy season လို့ဖွင့်ပြီး တိပိဋကပါဠိ အဘိဓါန်က ဝဿာဝါသိက မိုးကာလ၌ နေလေ့ရှိသော ရဟန်း၊ သာဋိက အဝတ်(သင်္ကန်း) မိုးကာလ၌ မိမိတို့ကျောင်း၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါသည်။

ယနေ့ခေတ်တွင် အများအားဖြင့် ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းဆိုပြီး ဆက်စပ်နှီးနွှယ်ယူနိုင်သည့် သမိုင်းကြောင်းသည်ကား ဗုဒ္ဓဘာသာဝင်တိုင်း သိကြသည့် ဝိသာခါကျောင်းအမကြီးနှင့် ဆက်စပ်နေခဲ့ပါသည်။ ဘုရားရှင် ၂၅ ဝါတိတိ သီတင်းသုံးသည့် သာဝတ္ထိမြို့ အရှေ့ဘက်တွင် တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့ ပုဗ္ဗာရာမပုဗ္ဗာရုံအမည်ရသော ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး အလှူဒါနရက်ရောသူအဖြစ် သာသနာ့မိခင်ကြီးအဖြစ်၊ သောတာပန် အလှမိဖုရားအဖြစ်၊ ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာဖြစ် ထွန်းသစ်ထင်ရှားခဲ့သော ကျောင်းအမကြီးတစ်ဦး ဖြစ်ခဲ့သလို သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နှင့် အခြွှေအရံလည်း များခဲ့သော မဟာလတာဝတ်ရုံရှင် အမျိုးသမီးလည်း ဖြစ်ခဲ့ပါသေးသည်။

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံ

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးခိုက် တစ်နေ့သော မိုးကာလတွင် ဝိသာခါက ဆွမ်းစားပင့်ပါသည်။ ထိုညလွန်သောအခါ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါသည်။ မြတ်စွာဘုရားရှင်က “ရဟန်းတို့ ဇေတဝန်ကျောင်းတော်မှာ ရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ”ဟု မိန့်တော်မူပါသည်။ ရဟန်းတော်များကလည်း ထိုစဉ်ကသင်္ကန်းအပို အလှူခံခွင့် မရှိသေးသောကြောင့် မိုးရေသင်္ကန်းမပါဘဲ မိုးရေချိုးနေကြသည့်အချိန် ဝိသာခါလွှတ်လိုက်သော အိမ်ဖော်မလေးသည် ကျောင်းသို့ရောက်လာပြီး ဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားသည့်အခါ အဝတ်မပါဘဲ မိုးရေချိုးနေကြသည့် ရဟန်းတော်များကိုမြင်ရသဖြင့် ဒီအရာမ်အတွင်းမှာ ရဟန်းတွေမရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်ဟု တွေးပြီး ရဟန်းတော်များကို မပင့်ခဲ့ဘဲ အိမ်သို့ပြန်သွားခဲ့ပြီး ဝိသာခါကို အကြောင်းစုံ ပြန်လည်ရှင်းပြခဲ့သည်။

ဝိသာခါက ဉာဏ်ပညာကြီးမားလှသည်။ လိမ္မာယဉ်ကျေးသည်။ အတွေးအခေါ် လျင်မြန်ထက်မြတ်သည်။ “ရဟန်းတော်တွေ မိုးရေခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ်”ဟု စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံအပင့်ခိုင်းပြန်သည်။ ထိုအချိန် ရဟန်းတော်များအားလုံးသည်လည်း ရေချိုးပြီးသင်္ကန်းများကို တင့်တယ်သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်သည်။ ကျောင်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်သည်။ ထိုအချိန်တွင်မှ အိမ်ဖော်မလေးက မြတ်စွာဘုရားရှင်နှင့် သံဃာတော်အရှင်မြတ်တို့အား တစ်ဖန်ပင့်ဖိတ်မှသာ အိမ်ကြွလာတော်မူကြပါသည်။

ထိုသို့ကြွတော်မူသောအခါတွင်လည်း မိုးရွာပြီးစ ရေစီးအဟုန်တွေများနေသည့်ကြားမှ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့၏ ခြေတော်၊သင်္ကန်းတော်တို့မှာ ရေစိုစွတ်ခြင်းမရှိသည်ကိုမြင်သော် ဝိသာခါက အံ့သြဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူပူဇော်ကြပါသည်။ ထို့နောက်ဝိသာခါကျောင်းအမကြီးက မြတ်စွာဘုရားထံတွင် ဆု(၈)ပါးကို လျှောက်ထားတောင်းပန်ခဲ့ပါသည်။

ထိုဆု(၈)ပါးမှာ-

၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံးမိုးရေခံသင်္ကန်း လှူလိုပါ၏။

၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။

၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။

၎။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။

၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။

၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။

၇။ အမြဲယာဂု လှူလိုပါ၏။

၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။

ဆိုသည့် ဆု(၈)မျိုးဖြစ်သည်။

ဝိသာခါ သင်ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့ ဒီဆုတွေတောင်းတာလဲဟု မြတ်စွာဘုရားရှင်က မေးရာ အိမ်ဖော်မလေးပြောသည့် စကားကိုပြန်လည်လျှောက်ထားခဲ့ပါသည်။

အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ စက်ဆုပ်ရွံ့ရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။ ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။ ဧည့်သည် အာဂန္တုရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စအခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို ဘုဉ်ပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များ ပြတ်ကျန်နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။ တပည့်တော်လှူတဲ့ ဆွမ်းကိုဘုဉ်းပေးရပါက အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါ့ကြောင့်အသက်ထက်ဆုံး ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။ ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ ဘောဇဉ်မရပါက အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။ တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါ့ကြောင့် ရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။ သူနာပြု (ဖျားနာနေသော ရဟန်းအား အလုပ်အကျွေးပြုစုသူ) ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာစားနေရပါက သူနာရဟန်းအားပြုစုရမယ့် ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။ ဒါ့ကြောင့်သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။ သူနာရဟန်းမှာ လျောက်ပတ်တဲ့ဆေးဝါးမရပါက ရောဂါတိုးပွားပါလိမ့်မယ်။ ဒါ့ကြောင့်အသက်ထက်ဆုံး သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ် ဘုရား။ အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ “ယာဂုအကျိုးဆယ်မျိုး”ရှိတယ်လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား တပည့်တော်မ အသက်ထက်ဆုံး “ယာဂုလှူလိုပါတယ်” ဘုရား။

အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့ ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့ ပြည့်တန်ဆာမများက ရဟန်း ဘိက္ခုနီတို့ကို ပြက်ရယ်လှောင်ပြောင်ကြပါတယ်။ ဒါ့ကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ် (ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု ဒီဆု(၈)မျိုးကို ဝိသာခါ ဒကာမကြီးက တောင်းခံခဲ့သည်။

သံဃာများ ချမ်းသာစေလိုတဲ့အတွက် အထက်ပါဆုများကို ဝိသာခါတောင်းခဲ့ခြင်းသည် သာသနာတော်အကျိုး၊ သူကိုယ်တိုင် နောင်အချိန်တွင် ဝမ်းသာပီတိနှင့် သဒ္ဓါပွားချင်သောကြောင့် တောင်းထားခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့၍ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ဝိသာခါကျောင်းအမကြီး၏ ဆု(၈)မျိုးထဲက တစ်ခုအပါအဝင်ဖြစ်သော ဝါဆိုသင်္ကန်းကို လှူဒါန်းနေကြတာ ဖြစ်ပါသည်။ ဒါက ဝိသာခါကျောင်းအမကြီး တောင်းခံခဲ့လို့ “ဝါဆိုသင်္ကန်း”ရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘုရားရှင်ဟောကြားခဲ့သော ဝါဆိုသင်္ကန်းလှူဒါန်းရခြင်း အကျိုးရှစ်ပါးမှာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလနှင့်ပြည့်စုံခြင်း၊ ၅-ဈာန် မဂ် ဖိုလ် တရားများကိုရနိုင်ခြင်း၊ ပစ္စုပ္ပန်သံသရာတို့၌ အကျိုးများခြင်းကြောင့် ကထိန်သင်္ကန်းနှင့် အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်သြဇာ အရသာတို့ကို ဆက်ကပ်လှူဒါန်းရခြင်း၊ သီလဆောက်တည်ရခြင်း၊ တရားနာရခြင်း အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထဝိပဿနာ ပွားများရခြင်း စသည့်အကျိုးများဖြစ်ကြပါသည်။

“အရဟတ္တဓဇ” ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့်…

“ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ” “ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော”ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော “အဆင်းလှခြင်း” ဟူသောအကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ်- “ရွှေသို့အဆင်း၊ မြူကြေးကင်း၍ ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊ ကျမ်းညီသင်္ကန်း လှူကျိုးတည်း”ဟူသော အပဒါန်လာ သင်္ကန်းအကျိုး(၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်မ၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါတရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်ပါစေ”ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာဟူသော အကျိုးအမြတ်ကို မလွဲမသွေရကြပေမည်။

စာရေးသူ – အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

ရည်ညွှန်း – China Today